လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီ၌ အခြေခံပညာအထက်တန်းကျောင်းခွဲလ(၁)တွင် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုမှ အမှာစကားပြောကြားပြီး လူငယ်နှင့်အားကစား၊ အားကစားနှင့်ကာယပညာ သိပ္ပံတက်ရောက်နိုင်ရန် လူငယ်တစ်ဦးတွင် ပြည့်စုံရမည့် အချက်အလက်များအကြောင်းတို့ကို မြို့နယ်အားကစားမှူး ဒေါ်ဖြိုးမွန်စံမှ ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ လူငယ်နှင့်စာပေ အကြောင်းဟော ပြောဆွေးနွေးသည်။
ဆက်လက်၍ သရုပ်ပြပွဲတွင် တိုက်ကွမ်ဒိုအဖွဲ့၊ Fitness Dance အဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူလေးများနှင့်အတူ လက်တွေ့သရုပ်ပြသသည်။ မြို့နယ်အားကစားမှူးမှ ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြအေးမှ ကျေးဇူးတင်စကား ပြောကြားသည်။ လူငယ်အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၀န်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသူများ (၂၀၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)