နေပြည်တော် ဇူလိုင် ၁၉
နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ခေတ္တအတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာနေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး သာမက တိုင်းပြည်၏ စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP ကို တွက်ချက်ရာတွင် အရေးပါသည့် Indicator တစ်ခုအနေဖြင့် ပါဝင်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးသည် နိုင်ငံတော်အစိုးရ၏ အဓိကစီးပွားရေး ရည်မှန်းချက် များလည်းဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ပိုမိုခွင့်ပြုနိုင်ခြင်းနှင့်လက်ရှိ ရင်းနှီး မြှုပ်နှံမှုများတိုးချဲ့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း၊ ဝင်ငွေတိုးတက်ရရှိခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ် ကြောင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ ခေတ္တအတွင်းရေးမှူး ဒေါ်ဝတ်ရည်ဖြိုးက သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးကြသည်။
ထို့နောက်နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)