နေပြည်တော်၌ (၇၇)နှစ်မြောက်အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြု အမျှပေးဝေခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၉

(၇၇)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြုအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင်  နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊   မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ် မြတ်ကြီးနှင့် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိ ကုမာရ မဟာထေရ်မြတ်ကြီးတို့အမှူး ပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးအမှူးပြုသည့် ဧည့်ပရိသတ်များက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံမှ  ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် ပရိတ်တရား တော်များကို နာယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊    မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။ ထို့နောက်နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမင်းက ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။ ယင်းနောက် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်များက ဆရာတော် သံဃာတော် များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ကြီးထံမှ  သံဝေဂကထာတရားနာယူကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက်  နံနက် ၁၀  နာရီ  ၃၇  မိနစ်တွင် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ၁ မိနစ် မတ်တပ်ရပ် ဦးညွတ်၍ ငြိမ်သက်ဂါရ၀ပြုကြသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးမင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)