ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးတိုးချဲ့ လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအို မြို့နယ်နှင့် မချမ်းဘောမြို့နယ်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ပူတာအိုမြို့နယ် ထဝါဒမ်းကျေးရွာသို့ သွားရောက်သည်။

အဆိုပါ ကျေးရွာအတွင်း ဒုတိယနှစ်စက်ဝန်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၂၅ သန်းဖြင့် မွေးမြူရေးတောင်သူ (၂၅)ဦးတို့ စုဖွဲ့၍ ဝက်မွေးမြူရေးဆောင်ရွက်သော စီမံကိန်းကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေအိမ်များအလိုက် ဝက်ကောင်ရေ ၁၂၅ ကောင် မွေးမြူထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ တောင်သူ ဦးနမ်ရဲဖုန်ရမ် နေအိမ်၌ လည်းကောင်း၊ ဦးဒုံဘုန်းခင်တို့၏ နေအိမ်၌လည်းကောင်း ဝက်များ မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအတွက် မွေးမြူရေး အထောက် အကူပြုဆေးဝါးများ၊ တိရစ္ဆာန်အားဖြည့်အစာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူ များအား ဝက်မွေးမြူရေးလုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထပ်တိုး ချေးငွေအဖြစ် ငွေကျပ်သိန်း ၁၀၀ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်းများ နှင့်အညီ တင်ပြဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက ဆေးဝါးနှင့် အားဖြည့်အစာများ သုံးစွဲကျွေးမွေးမှုများနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြောပေးခဲ့သည်။

ယင်းနောက် မချမ်းဘောမြို့နယ်အတွင်း ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်သည့် ကောင်းမှုလုံစေတီတော်သို့ သွားရောက်ပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကာ ဖူးမျှော်ကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကာ စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြသည်။

ထို့နောက် ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြပြီး စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကာ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဟိုခိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာဒိစ္စရံသီ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြကာ ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရဲဟိန်း၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ဝါဆို သင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရားတော်များ နာယူကြကာ ဆရာတော်၊ သံဃာတော်များအား နေဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုမှတစ်ဆင့် မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ‌ငွေဖြင့် ငါးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာစီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နန့်ခမ်း ကျေးရွာအတွင်း ငါးမွေးတောင်သူများ၏နေအိမ်ဝင်းများအတွင်း ငါးများဖြစ်ထွန်းအောင်မြင်အောင် မွေးမြူထားရှိလျက်ရှိသည့် အခြေအနေများနှင့် ဒေသဈေးကွက်အတွင်း ဖြန့်ဝေရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည့် နည်းစနစ်နှင့် ရန်ပုံငွေ လိုအပ်ချက် ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျေးရွာအတွင်း ငါးလုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် အဆိုပါ ကျေးရွာအတွင်း မွေးမြူရေးတောင်သူများ ကိုယ်တိုင် ဒေသအတွက် ကိုယ်ပိုင် ငါးမွေးမြူထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၁၈ ဒဿမ ၈) သန်းဖြင့် ဆောင်ရွက်လျက်ပေးထားသည့် ကျေးရွာပိုင် ငါးသားပေါက်ကန်များ တည် ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ငါးသားပေါက်ကန်အတွက် လိုအပ်သည့် လုပ်ငန်းများ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထပ်တိုးချေးငွေဖြင့် ရင်းနှီးမတည်ပေးနိုင်ရေး ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကျေးရွာအတွင်း သမဝါယမလုပ်ငန်းဖြင့် အစုအဖွဲ့ပိုင် ငါးမွေးမြူရေး ဆောင်ရွက်ကြသည့် တောင်သူများ၏ ငါးကန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် အင်ဘူးဘော့ကျေးရွာနှင့်  အမှတ်(၄)ရပ်ကွက်အကြားရှိ ကွင်းအမှတ် (၅)၊ AG အသင်းတော်ပိုင် လယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု ထွန်တုံးပိတ် တောင်သူ အသိပညာပေးကွင်း သရုပ်ပြပွဲသို့ တက်ရောက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် အတူ လယ်ကွက်အတွင်း စိုက်ပျိုးထားသည့် ဆင်းဧကရီ -၃ အထွက်တိုးမျိုး ကောင်းမျိုးသန့်စပါး စိုက်ပျိုး ထားမှုကို ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ၏ သဘာဝမြေသြဇာ စုပေါင်းကျဲပက်နေမှုများကို ကြည့်ရှအားပေးခဲ့ကြသည်။

ဆက်လက်၍ မချမ်းဘောမြို့ အမှတ် (၃)ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် (၅၀)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးမရိမ်ဖီဩ “ကျေးဇူးတော်ကြောင့်သာ” စိုက်ပျိုးမွေးမြူရေး ဥယျာဉ်ခြံသို့ ဆက်လက်သွားရောက်ခဲ့ပြီး နှစ်ရှည် သီးနှံဖြစ်သည့် အလေချီ (ခေါ်) ချဉ်ဖောင်ဖာလာပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေ များ၊ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မှု အခြေအနေများနှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့ စီးပွားမြှင့်ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းရန်ပုံငွေဖြင့် ထပ်မံမတည်ပေးနိုင်ရေး လက်တွဲစာအုပ်ပါ အချက် များ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြတောင်းခံနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပူတာအိုမြို့နယ်အတွင်း ယာယီတိမ်းရှောင်စခန်းနေပြည်သူများအား ပြန်လည် ထူထောင်ရေးအတွက် နေရာချထားပေးခဲ့သော ဇီဒန်း(၂) ကျေးရွာမှ ဒေသခံပြည်သူများနှင့် ကျေးရွာ ဘုရားကျောင်း၌ ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားရေ ရိက္ခာဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လည်းကောင်း၊ ဘဏ္ဍာနှစ်အလိုက် စီမံချက်များရေးဆွဲပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ ဇီဒန်း(၂)ကျေးရွာမှ ပြည်သူများအား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် မတည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့ ရပ်/ရွာ စားရေရိက္ခာ ဖူလုံလာပြီး ဝင်ငွေများလည်း တိုးပွားလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။

ဆက်လက်၍ ကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများက ကျေးရွာအတွင်း လိုအပ်ချက်ရှိသည့် ရွာလမ်းမရရှိရေး၊ ရေရရှိရေးနှင့် ပညာရေးအဆောက်အအုံ ရရှိရေးတို့ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ မတည်ရင်းနှီးငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေ (VDP) အထောက်အပံ့မှ ငွေကျပ် ၁၅ သိန်းအားလည်းကောင်း ကျေးရွာတာဝန်ရှိသူများထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)