တောင်ကြီး ဇူလိုင် ၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့စစ်ဆေးရာတွင် နေမင်းရောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၂၂/၄ ရှိ မူလ ၂၄ ပေမှ ၄၈ ပေ ကတ္တရာလမ်းခင်းနေမှု၊ ဟိုပုံးရေထွက်ရှိ အများသုံး ရေချိုးခန်းနှင့် သန့်စင်ခန်း ဆောင်ရွက်မည့်နေရာ၊ ရေထွက်ပတ်ဝန်းကျင်ရှိ မြေထိန်းနံရံကာရံခြင်းဆောင်ရွက်နေမှု၊ လွိုင်လင်မြို့ရှိ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းပိုင်း မိုင်တိုင်အမှတ် ၁၆၆/၀ နှင့် ၁၆၆/၄ တွင် မူလ ၁၈ ပေမှ ၂၄ ပေကတ္တရာလမ်းခင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လွိုင်လင်လမ်းဦးစီးရိပ်သာသို့ ရောက်ရှိ၍ ဝန်ထမ်းများ၊ နေမင်းရောင်ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက်ဆက်လက်ထွက်ခွာလာရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ရောက်ရှိ၍ယာဉ်များဖြတ်သန်းသွားလာမှုအခြေအနေ၊ လမ်းပိတ်ဆို့သည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းပြီး လမ်းအထူးအဖွဲ့(၄/၅)တို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နမ့်စန်-တာကော်ကြား ၂၂၄/၅ မိုင်တိုင်တွင် မူလ ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ် လမ်းချဲ့ရန်အတွက် ကျောက်စုဆောင်းထားရှိမှုများ ကြည့်ရှုစစ်ဆေး၍ ကွန်ဟိန်းမြို့ လမ်းဦးစီးရိပ်သာ၌ စစ်ဗျူဟာမှူး၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)