ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

စစ်တွေ ဇူလိုင် ၁၉

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ဘာသာစုံဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိသူ မောင်ဖြိုးသိန်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာဆုချီးမြှင့်ပွဲအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ ထို့နောက်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အခြေခံပညာအဆင့်၏ နောက်ဆုံး မှတ်တိုင်ဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲရလဒ်သည် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများနှင့် သင်ကြားပေးသူဆရာ၊ ဆရာမများအတွက် အလွန်တရာမှ စိတ်ဝင်တစား မျှော်လင့်စောင့်စားရသော ရလဒ်ဖြစ်ကြောင်း၊ အခမ်းအနားသည် ရခိုင်ပြည်နယ်၏ဂုဏ်ကို စွမ်းစွမ်းတမံ ဖော်ဆောင် ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ဘာသာစုံဂုဏ်ထူး ထွက်နိုင်အောင် အဖက်ဖက်က ဝိုင်းဝန်းကူညီသင်ကြားပြသပေးခဲ့ကြသည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးမည့် အခမ်းအနားဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလွန်တရာမှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစာရင်းတွင် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈၆၄၄)ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ(၅၂၅၃)ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်း ၆၀ ဒသမ ၇၇ ရာခိုင်နှုန်း ရရှိသည်ကိုတွေ့ရကြောင်း၊ ထိုသို့အောင်မြင်ရာတွင် (၆)ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၅၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၇၅)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၁၀၆)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၁၈၆)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၈၆၂)ဦး ပေါ်ထွန်းခဲ့သဖြင့် များစွာ ကျေနပ် ဂုဏ်ယူမိကြောင်း၊ ရခိုင်ပြည်နယ်၏ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ရာခိုင်နှုန်းသည် ၅၈ ဒသမ ၅၆ ရာခိုင်နှုန်း ရရှိခဲ့သည့်အတွက် ယခုနှစ်အောင်မြင်မှုနှင့် နှိုင်းယှဉ်မည်ဆိုလျင် အောင်ချက်ရာနှုန်းနှင့် ဂုဏ်ထူးရရှိသူဦးရေတို့ပါ တိုးတက်လာသည်ကိုတွေ့ရကြောင်း၊ ယခုကဲ့သို့အခက်အခဲ မျိုးစုံကြားထဲက ကြိုးစားခဲ့ကြသည့် ရခိုင်ပြည်နယ် ပညာရေးမိသားစုနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်သည့်နေရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များ နှင့်ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ရန်ကြိုးပမ်းလျက်ရှိကြောင်း၊ ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် အရည်အချင်းဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်သည့် လိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့၏မပြီးဆုံးနိုင်သေးသော ပညာရေးခရီးကို ဉာဏ်ပညာ၊ လုံ့လဝိရိယများနှင့်ရှေ့ဆက်ကြရမှာဖြစ်သည့်အတွက် အလေ့အကျင့်အတွေ့အကြုံ ကောင်းများနှင့် အတူ ပညာပြည့်ဝနှလုံးလှသည့် နိုင်ငံတော်က အားကိုးအားထားပြုရသော သားကောင်း၊ သမီးကောင်း ရတနာများ ဖြစ်လာအောင် ဆက်လက်အားထုတ်ကြိုးပမ် သွားကြရန်ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သိပ္ပံဘာသာတွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် မြန်မာ တစ်နိုင်ငံလုံး ဒုတိယဆုရရှိသူနှင့် ဘာသာစုံဂုဏ်ထူးရှင်များအား လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်က ဘာသာစုံဂုဏ်ထူးရှင်များအားလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ငါးဘာသာနှင့် လေးဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား လည်းကောင်းဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက်ပညာရေးဆိုင်ရာလှုပ်ရှားမှု လူငယ်အားမာန် Video click အားပြသပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်၌ အောင်ချက် အကောင်းဆုံးရရှိသောကျောင်း၊ ဘာသာစုံဂုဏ်ထူးရကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာစုံဂုဏ်ထူးရအောင် သင်ကြားပြသပေးခဲ့သော ဘာသာရပ်ပြဆရာ၊ ဆရာမများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား သိပ္ပံဘာသာတွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိသူ မောင်ဖြိုးသိန်းနှင့် ဂုဏ်ပြုဆုရဆရာ၊ ဆရာမများ ကိုယ်စား ဆရာ တစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ပြုဆုရ ဆရာ၊ ဆရာမများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)