ကျောက်ပန်းတောင်း ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အာဇာနည်နေ့ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲတွင် နှစ်ပေပတ်လည်ရှိ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ၏ ပုံတူဆီဆေးပန်းချီကားကြီးများနှင့် ၎င်းတို့၏ အထုပ္ပတ္တိများကိုရေးသားပြသထားပြီး၊ နံရံကပ်ဘုတ်ဖြင့် လူထုခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းဓာတ်ပုံများကို ပြသထားရာ ကျောင်းသား၊ကျောင်းသူလေးများနှင့် စာငှားပရိသတ်များ၊ အများပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြသည်။
(၇၇)နှစ် မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့စတင်ဖွင့်လှစ်ပြသရာတွင် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း Grade-6 ၊ Grade-7 ၊ Grade-8 တို့မှ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးနှင့် ကြီးကြပ်သူ ဆရာ/ဆရာမများ လာရောက်ကြည့်ရှုခဲ့ကြပြီး၊ အခြားကျောင်းများနှင့်ပြည်သူများ လေ့လာကြည့်ရှုနိုင်စေရန်အတွက် ပြခန်းကို ဇူလိုင်(၁၉)ရက်နေ့ ညနေ (၄)နာရီအထိ ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)