ချမ်းအေးသာစံ ဇူလိုင် ၁၈
နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် နိုင်ငံ့ကိုယ်စားပြု မန္တလေးတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီများ၊ အောင်ပွဲရအားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုလို နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ ရွှေတံဆိပ် ၁၂ ဆု၊ ငွေတံဆိပ် ၄ ဆုနှင့် ကြေးတံဆိပ် ၈ ခုကို ရယူနိုင်ပြီး နိုင်ငံ့ဂုဏ်၊ တိုင်းဒေသကြီးဂုဏ်ကို ဆောင်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ကြိုးပမ်းအားထုတ်မှု၏ အောင်မြင်မှုများကို ခံစားကြရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်က အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးပံ့ပိုးဖြည့်ဆည်းပေးနေပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်သက်ကြီးအားကစားသမားများကို ၎င်းတို့၏စွမ်းဆောင်ရည်အလိုက် လစဉ်ထောက်ပံ့ကြေးများကို ၂၀၂၂ ခုနှစ်မှစတင်ချီးမြှင့်ထောက်ပံ့ပေးနေပါကြောင်း၊ ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ယခင်နှစ်များထက် ပိုမိုအောင်မြင်မှုများရရှိရန် လူရွေးချယ်ရေး၊ စခန်းသွင်းလေ့ကျင့်ရေးနှင့် အောင်နိုင်ရေးတို့အတွက် စီမံချက်များစနစ်တကျရေးဆွဲချမှတ်ပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ ကိုထိရောက်အောင်မြင်စွာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ရာ ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့သည့် 7th World Vovinam Championship ပြိုင်ပွဲ နှင့် 13th Asean School Games Vietnam 2024 ဗိုဗီနမ် အားကစားနည်း၊ လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် 18 th South East Asia Bodybuilding And Physique Sport Championship 2024 ပြိုင်ပွဲ နှင့် Badminton Asia South East Asia Regional Junior Championship 2024 ပြိုင်ပွဲ၊ မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် STAF WORLD CUP SEPAKTAKRAW 2024 ပြိုင်ပွဲ၊ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် 21thAsean University Game ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် အားကစားသမား ၁၅ ဦးကို ဂုဏ်ပြုဆုငွေများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော အားကစားအသင်းများ၏ နည်းပြ ၃ ဦးတို့အား ဂုဏ်ပြုငွေများကို ချီးမြှင့်ခဲ့သည်။
၎င်းနောက် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကိုယ်စား အားကစား သမားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်ပွဲရဆုရအားကစားသမားများ၊ နည်းပြများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ရင်းနှီးစွာနှုတ်ဆက်ပြီး လန်းဆန်းစာများဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ကြောင်းနှင့် အောင်ပွဲရအားကစားသမားများ ယှဉ်ပြိုင်ကစားခဲ့ကြသည့် Video Clip များကို ပြသခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်