ထိန်ကုန်းကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

တွံတေး ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ မငေးအလယ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကွန်ကရစ်လမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ထိန်ကုန်းမြောက်ကျောင်း ဆရာတော်ဥတ္တရာရုံကျောင်းတိုက်မှ ဘဒ္ဒန္တကုသလ၊ အနောက်ကျောင်းဆရာတော်ပစ္ဆိမာရုံကျောင်းတိုက်မှ ဘဒ္ဒန္တဝီရိယတို့မှ အဆိုပါလမ်းဆောင်ရွက်ရခြင်းအား သြဝါဒမိန့်ကြားပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ထိန်ကုန်းလမ်းအဝင်လမ်းကို ရဟန်းရှင်၊ လူပြည်သူများ ရာသီမရွေးသွားလာနိုင်ရန်အတွက် ထိန်ကုန်းမြောက်ကျောင်းဆရာတော်၊ အနောက်ကျောင်းဆရာတော်နှင့် ကျေးရွာသူ၊ ကျေးရွာသားများ၊ အလှူရှင်များ စုပေါင်းလှူဒါန်းခြင်း ကြောင်းယခင်မြေသားလမ်းမှ ယခုအခါရာသီမရွေးသွားနိုင်သော ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်နိုင်သည့်အတွက် ဆရာတော်များနှင့် ကျေးရွားသူ၊ ကျေးရွာသားများအား အထူးကျေးဇူးတင်ရှိကြောင်း၊ ကွန်ကရစ်လမ်းသစ်ကို စုပေါင်းကိုယ့်အားကိုယ်ကိုးဆောင်ရွက်ခဲ့ရသည့်အတွက် ကျေးလက်နေပြည်သူများက ရေရှည်တည်တံခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ပြောကြားခဲ့သည်။

ထို့နောက် ထိန်ကုန်းအဝင်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ဆရာတော်ဘဒ္ဒန္တကုသလ၊ ဆရာတော်ဘဒ္ဒန္တ ဝီရိယနှင့်ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါကွန်ကရစ်လမ်းသစ်သည် အရှည်ပေ(၁၈၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု ခြောက်လက်မရှိကြောင်း စုစုပေါင်း ငွေကျပ်(၄၂၅)သိန်း ကုန်ကျခဲ့ကြောင်း သိရသည်။ ကွန်ကရစ်လမ်းသစ်ပြီးစီးသွားသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျေးလက်နေပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

တွံတေးသား