ဒလ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၂)ပညာရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေးမှ အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဥမ္မာလင်းက ပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ရခြင်းအကြောင်းအရင်းများနှင့် အဏ္ဏဝါညစ်ညမ်းမှု၏ အဓိကအကြောင်းအရင်းများ၊ အဏ္ဏဝါညစ်ညမ်းမှုကြောင့် ကျန်းမာရေးကိုထိခိုက်စေသော ဆိုးကျိုးများ၊ အဏ္ဏဝါပတ်ဝန်းကျင်မှရရှိသော အကျိုးကျေးဇူးများ၊ အဏ္ဏဝါညစ်ညမ်းမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ကူညီနိုင်မည့်နည်းလမ်းများစသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ အသိပညာပေးဗွီဒီယိုပြသခဲ့ပြီး ပလတ်စတစ်အသုံးပြုမှုလျှော့ချခြင်းဖြင့် ပတ်ဝန်းကျင်သာယာလှပရေးကို အထောက်အကူပြုကြရန်နှင့် ပလတ်စတစ်ကြောင့်ရရှိနိုင်သောဆိုးကျိုးများနှင့်သက်ဆိုင်သည့် မေးခွန်းများကို ကျောင်းသား ကျောင်းသူများအား မေးမြန်းပြီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အဏ္ဏဝါညစ်ညမ်းမှုဆိုင်ရာ လက်ကမ်းစာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြသည်။
အေးမြမိုး(ပြန်/ဆက်)