တာမွေမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဟောပြောပွဲကို ဆက်လက်ကျင်းပရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများအား တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်နှင့် ပညာရေးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လေးစားအားကျ အတုယူဖွယ်ရာအချက်များ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပြင်းထန်ပြီး နိုင်ငံနှင့် လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားအနစ်နာခံခဲ့မှုများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးစတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အလေးထားတန်ဖိုးထားသည့်စိတ်အမိနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပေါက်ဖွားရင့်သန်လာစေရေးတို့နှင့် ပတ်သက်၍ အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ခန်းမအတွင်း ပြသထားသော (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား အသိဥာဏ်ပညာဗဟုသုတပြည့်စုံကြွယ်ဝသော ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ ကျောင်းသား/သူလေးများ၏ ကာယ၊ ဉာဏနှင့် တီထွင်ဖန်တီးမှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရေးတို့အတွက် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၇၇)နှစ်မြောက်အာဇာနည်နေ့နှင့် ပတ်သက်၍ ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မျိုးဆက်သစ် ကျောင်းသား/သူလေးများ၏ နှလုံးသားတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့မှုများကို မမေ့လျော့မှတ်မှတ်ရရရှိစေရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)