တံတားဦး ဇူလိုင် ၁၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဆောင်ပြီး ဆရာတော်သံဃာတော် (၁၉)ပါးအား ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ လှူဒါန်းပွဲတွင် တံတားဦးမြို့နယ် မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်နှင့် ဆရာ/မများ၊ ကျောင်းသား/သူများက မြို့နယ်သံဃာ့နာယက ဩဝါဒစရိယ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန ဘဒ္ဒန္တကောသလ္လထံမှ ငါးသီလခံယူဆောက်တည်ပြီး ပင့်သံဃာ(၁၉)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက်ဆရာတော် သံဃာတော်များက မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်ချီးမြှင့်ပေးကြပြီး မြို့နယ်သံဃာ့နာယက ဩဝါဒစရိယ ဂိုဏ်းထောက် ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနမှ အနုမောဓနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
တံတားဦမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/မများ၊ ကျောင်းသား/သူများမှ ဆရာတော်သံဃာတော်များ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ၏ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၁)သိန်းအား လှူဒါန်းနိုင်ပါကြောင်း၊ ဒါ့အပြင် ဆရာတော်သံဃာတော်များအား နှစ်စဉ်နှစ်တိုင်း လှူဒါန်းနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)