တံတားဦး ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်တို့တွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများနှင့်ထိတွေ့ပြီး အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို အောက်မေ့သတိရစေရန်၊ အသိပညာဗဟုသုတနှင့်ပြည့်စုံပြီး နိုင်ငံတော်အတွက် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရေး လူအများအလယ်တွင် ရဲဝံ့စွာ ပြောဆိုပြုမူတတ်စေရေး၊ နှုတ်မှုစွမ်းရည်များ တိုးပွားလာစေရန် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ပြိုင်ပွဲစည်းကမ်းနှင့် အမှတ်ပေးစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တံတားဦး အခြေခံပညာအထက်တန်းကျောင်းမှ Grade -7မှ ကျောင်းသား/သူ(၁၃)ဦးမှ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၂)ဦးက မဲနှိုက်ရွေးချယ်ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)