တွံတေး ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျွန်းဘက်ကရင်ချောင်းကျေးရွာအုပ်စု၊ ကရင်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ကရင်ချောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(ကရင်ချောင်း)ကျောင်းအုပ်ဆရာမကြီးဒေါ်လွင်လွင်မာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိဥာဏ်ပညာ၊ ဗဟုသုတများပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆို ဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးအသိပညာ အတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များရရှိစေရေး၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှနေရာယူပြီး ဆွေးနွေးမည့်ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင်မိတ်ဆက်ပေးကာ Grade- 10 မှ မမြတ်ကြည်ဖြူခင်က လူငယ်နှင့်ကျန်းမာရေး၊ Grade- 10 မှ မောင်လုရီလွင်က လူငယ်နှင့်စာရိတ္တ၊ Grade-10 မှ မမေသဇင်ထွေးက လူငယ်နှင့်စာပေ၊ Grade- 10 မှ မောင်ကောင်းမြတ်ကျော်က လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ကျွန်းဘက်ကရင်ချောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဦးချစ်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများနှင့် ပါဝင်ဆွေးနွေးသူများ၊ မေးမြန်းသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးတက်ရောက်ခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များအား ပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား