သုံးခွ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အ.ထ.က (မြို့မ) ကျောင်း စိန်ပန်းခန်းမတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က (မြို့မ) ကျောင်းမှ Grade – 11 ၊ Grade - 12 ကျောင်းသူလေးများက "အာရှသူရဲကောင်းသီချင်းဖြင့် အဖွဲ့လိုက်ဂုဏ်ပြုသီဆိုကြပြီး အ.ထ.က (မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းကြည်က အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မျိုးချစ်စိတ်ဖြစ်ပေါ်စေရန်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ၏ ကိုယ်ကျိုးမဖက်တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ပုံတို့ကို ဟောပြောခဲ့သည်။
ထို့နောက် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကိုကျင်းပရာ မူလတန်းကျောင်းသား၊ ကျောင်းသူများက အာဇာနည်ခေါင်းဆောင်များ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အလယ်တန်း ကျောင်သား၊ ကျောင်းသူများက၊ အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများက ၁၉ ဇူလိုင်မမေ့နိုင်ခေါင်းစဥ်များဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၄) ဦးတို့က အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူလင်း