ကျောက်ဖြူမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကျောက်ဖြူ ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့” သီချင်းအားသီဆိုဖွင့်လှစ်ကြပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ စာပေပဒေသာဝေဆာစေမည် ဗီဒီယိုကလစ်အား ပြသသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့တွင် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို အခြေခံကျောင်းများ၌ အခြေခံပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံ၏ မျိုးဆက်သစ်ခေါင်းဆောင်များဖြစ်လာကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများပေါကြွယ်ဝရန် လိုအပ်ပါကြောင်း၊ လူငယ်များအသိဉာဏ်ပညာ မြင့်မားအောင်လုပ်ဆောင်ရာတွင် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက် ယဉ်ကျေးမှု ထွန်းကားရေးသည် အလွန်အရေးကြီးသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း စသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက်စာအုပ်၊ စာစောင်များအား ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လက်ခံရယူပြီး အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းအားသီဆိုဖျော်ဖြေကာ ပထပိုင်းအခမ်းအနားအစီအစဉ် အား ခေတ္တရပ်နားခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းအခမ်းအနားအစီအစဥ်အား နံနက် ၁၀ နာရီခွဲအချိန်၌ ဆက်လက်ကျင်းပရာ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲတို့အား ဝင်ရောက်ယှဉ်ပြိုင်ပြီး စာရေးဆရာ ဝေယံလင်းထက်နှင့် မောင်ငယ်သစ် (သံတွဲ) တို့က စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောကြသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်ပြီး ခန်းမ၌ ပြသထားသည့် ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ နံရံကပ်ဓာတ်ပုံများနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။  ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများသည် စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်ခေါင်းတင် လမ်းလျှောက်ပြိုင်ပွဲများကို ပျော်ရွှင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)