ကျောက်ဆည်မြို့တွင် နနွင်းပွင့်များ ချိုးယူရောင်းချရသဖြင့် နနွင်းစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ကျောက်ဆည်  ဇူလိုင်  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အရှေသပြေကုန်းကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နနွင်းပွင့်များ ချိုးယူရောင်းချသဖြင့် နနွင်းစိုက်တောင်သူ မိသားစုများ အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရှိရသည်။

နနွင်းပွင့်များကို နနွင်းစိုက်ပျိုးပြီး (၄)လခန့်အကြာတွင်  ခူးဆွတ်ရောင်းချရပြီး နနွင်းတစ်ဧကတွင် ငွေကျပ်(၈၀၀၀၀)ခန့် ရရှိသဖြင့် နနွင်းစိုက်တောင်သူများအနေဖြင့်အပိုဝင်ငွေရရှိကြောင်း၊ နနွင်းသီးနှံသည် မြေထဲတွင် အတက်ပွားသည့်သီးနှံဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ထယ်ရေးကောင်းစွာ မြေပြုပြင်ပြီး အကျယ်(၃)ပေ၊အမြင့်(၁)ပေခွဲခန့် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင်(၆)လက်မခန့်အကွာ စိုက်ပျိုးရကြောင်းနှင့် စိုက်ပျိုးပြီး မြေအစိုဓာတ်မပြတ် ရရှိစေရန်ရေသွင်းပေးရကြောင်း၊ (၈)လကျော်ပါက နနွင်းများတူးဖော်ရပြီး အပင်အပြုအစုအပေါ် မူတည်၍ နနွင်း(၁)ဧကတွင် နနွင်း (၃၇၀၀) ပိဿာမှ (၄၀၀၀) ပိဿာထွက်ရှိကြောင်း နနွင်းစိုက်တောင်သူများ ထံမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် နနွင်းသီးနှံများကို ပွတ္တိုင်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း၊ သင်္ဂတုံ၊ အရှေ့ သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင် ကျေးရွာများတွင် အများအပြား စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)