ဘီးလင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဘီးလင်း ဇူလိုင် ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် ဘီးလင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး()ဦးတို့၏ အတ္ထုပ္ပတ္တိများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာဖတ်စွမ်းရည်​ပြိုင်ပွဲ၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)