တပ်ကုန်း ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အလယ်တန်းနှင့်မူလတန်းအဆင့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်မနား)၊ အဖွဲ့ဝင် စာရေးဆရာမ သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)တို့က အာဇာနည်နေ့အကြောင်း သိကောင်းစရာများ ဟောပြောခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် စိတ်ကြိုက်ခေါင်းစဉ်များဖြင့် စာစီစာကုံး၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြိုနယ်(Book Club)ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)၊ အဖွဲ့ဝင် စာရေးဆရာမ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦဇော်မိုးအောင်နှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ပုံရိပ်မှတ်တမ်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်စိုးလွင်