သထုံမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

သထုံ ဇူလိုင် ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်အခြေခံပညာမူလတန်းကျောင်းနှင့် ညောင်ဝိုင်းအခြေခံပညာမူလတန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အာဇာနည်နေ့ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးတို့၏ အတ္ထုပ္ပတ္တိနှင့် စွမ်းဆောင်မှုများ၊ အာဇာနည်တို့၏ စိတ်ဓာတ်နှင့် စွမ်းရည်များ၊ ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားရေးအတွက် ကျောင်းပြင်ပစာပေများ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုစေကာ စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ အာဇာနည်နေ့အကြောင်းသိကောင်းစရာများ စသည့်အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)