မိုင်းပန် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် စာမေးပွဲတွင် အောင်မြင်ခဲ့သော သံဃာတော်များအား စာအောင်ဆုချီးမြှင့်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်နှင့် ဧည့်ပရိသတ်အပေါင်းတို့မှ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မွေတော်ပရိယတ္တိ စာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တကောဝိဒါစာရဘိပါလ (ဂန္တဝါစကပဏ္ဍိတ၊ မဟာသဒ္ဒမ္မဇောတိကဓဇ) ထံ ငါးပါးသီလ ခံယူတည်ဆောက်ခဲ့ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဇျယ်တော်မူတော် ပရိတ်တရာတော်များနာယူခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခုနှစ် စာမေးပွဲတွင် အောင်မြင်ခဲ့သော သံဃာတော် (၁၃၄)ပါးတို့အား စာအောင်ဆုများချီးမြှင့် ခဲ့ကြသည်။
ဆက်လက်၍ ပင့်သံဃာတော် (၅၀) ပါး၊ ကျောင်းတိုက်ရှိ သံဃာတော် (၁၀၈) ပါးတို့အား စုပေါင်းဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေးခဲ့ကြကြောင်း သိရှိရသည်။
နော်မှိုင်း(ပြန်/ဆက်)