ဆီဆိုင်မြို့နယ်တွင် ပြည်သူလူထုများ ပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဆီဆိုင် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သစ်တောလုပ်ငန်းများတွင် ပြည်သူလူထုများ ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်အယ်ကျေးရွာရှိ လောကဟိတဘုန်းတော်ကြီးသင် ပရဟိတကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက သစ်တောနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲထိန်းသိမ်း ရေးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တော၊ သစ်ပင်များ၏ အခန်းကဏ္ဍများကိုလည်းကောင်း၊ သစ်ပင်မျိုး ထောင်စိုက်ပျိုးသည့် နည်းစနစ်နှင့် သစ်တော၊ သစ်ပင်စိုက်ပျိုးခြင်း၏ ရရှိမည့်အကျိုးကျေးဇူးများ ကိုလည်းကောင်း ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် နောင်အယ်ကျေးရွာ လောကဟိတဘုန်းတော်ကြီးသင် ပရဟိတကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးကောဝိဒ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းဝန်းအတွင်းတွင် ကျွန်း (၄၅၀) ပင်၊  စိန်ပန်းနီ (၃၀၀) ပင်၊ စိန်ပန်းပြာ (၄၀၀) ပင်၊ ကျူးလစ် (၃၀၀) ပင်၊ ငုစပ် (၃၅၀) ပင်၊ ကုက္ကိုလ် (၂၀၀) ပင် စသည့် သစ်မျိုး (၆) မျိုးပါဝင်သော ပျိုးပင်ပေါင်း (၂၀၀၀) ပင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)