တောင်ဥက္ကလာပ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးအေးမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများပူးပေါင်း၍ အမှတ်(၄)ရပ်ကွက် စာဂလမ်းမကြီး၊ လမ်းသွယ်နှင့် လမ်းများအားလုံးရှိ နေအိမ်များတွင် သောက်သုံးရေကန်များအတွင်း ကလိုရင်းဆေးခပ်ခြင်း၊ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရပ်ကွက်နေပြည်သူများအား ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်ပတ်သက်သည့် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)