မောက်မယ်မြို့နယ်၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းရှိ အသက် ၅ နှစ်အထက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လမ်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများတို့က ယနေ့နံနက် ၉ နာရီခွဲမှစ၍ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စျေးတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ပေါင်ချိန်ပေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့်ဝမ်းပိုက် ကျန်းမာရေးများ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကလေးသူငယ်များ၏ မိဘများအား ယခုမိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာကြားခြင်း၊  ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် ခြင်များမပေါက်ဖွားစေရန်အတွက် နေအိမ်နှင့်ပတ်ဝန်းကျင်အတွင်း ပြုလုပ်ရမည့် နည်းလမ်းများ၊ မိုးရာသီတွင် အဖြစ်များသော ဝမ်းကိုက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန် စားသောက်နေထိုင်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)