မောက်မယ်မြို့နယ်၌ နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း(ကဒူးလေး)နှင့် နေ့လယ်(၂)နာရီတွင် အခြေခံပညာမူလတန်းကျောင်း (နမ့်လွတ်)၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်သော်က “တိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ လူငယ်များအနေဖြင့် ဘဝတိုးတက်ရေးလမ်းကြောင်း မမှားစေရန်လိုအပ်သောကြောင့် စာပေလေ့လာမှုအားကောင်းလာစေရေး၊ ဆုံးဖြတ်ချက်ချရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန် စာပေမှတဆင့်လေ့လာနိုင်ရေး၊ မိမိတို့ကိုယ်တိုင်ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်​ဖော်နိုင်စေရန်အတွက် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချပြီး ယဉ်ကျေးလိမ္မာသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော လူတော်လူကောင်းများဖြစ်ပေါ်လာစေရေး” စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့ပြီး စာဖတ်ထူးချွန်သည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်အား ဒုတိယဦးစီးမှူး ဒေါ်နန်းခိုင်ဇင်သာ်က လှည့်လည်ရှင်းလင်းပြသပြီး ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)