ဗိုလ်တထောင် ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဇူလိုင် ၁၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုအခမ်းအနားတွင် ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ် ဦးဌေးလင်း၊ ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီဒုဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် ဗိုလ်တထောင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်တို့က ဟောပြောကြသည်။
ထို့နောက် တက်ရောက်လာသော ပရိတ်သတ်များအား တိုက်ကွမ်ဒိုအားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပြီး ဧည့်ခံဖျော်ဖြေပေးသည့်အဖွဲ့အား ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီဒုဥက္ကဋ္ဌ ဦးဝင်းလှိုင်က ဆုငွေများပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ် ဦးဌေးလင်း၊ ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီဒုဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ ဗိုလ်တထောင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်၊ ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များအား ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝေငှခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်း (ပြန်/ဆက်)