မဟာအောင်မြေ ဇူလိုင် ၁၈
မန္တလေးတက္ကသိုလ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက အင်းဝ(၉)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် မန္တလေး တက္ကသိုလ်သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာကျော်ဆွေညွန့်က အာဇာနည်နှင့် ပတ်သက်၍ "အာဇာနည်တွေကို ဘယ်လိုကျေးဇူးဆပ်မလဲ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောရာတွင် ရဲရင့်ပြတ်သားသောသူကို အာဇာနည်ဟုခေါ်ဆိုထိုက်ကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည်ခေါင်းကြီးများကို အစဉ်မမေ့အပ်သင့်ကြောင်း၊ လွတ်လပ်ရေး၏အရသာကို အစဉ်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းဖြင့် ဟောပြောခဲ့သည်။
ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများမှ ဆုရရှိသူများအား မန္တလေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း