တာချီလိတ် ဇူလိုင် ၁၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံမှတာဝန်ရှိသူများမှ ယမန်နေ့ မွန်းလွဲ (၁) နာရီက 1G1-11 ဟိုတယ် အစည်းခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ နာပင်သွန် ဆရီစာပန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲဝင်တို့က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် နည်းလမ်းများရှာဖွေရန်၊ အမြင်များဖလှယ်ရန်ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းကုန်သွယ်ဖက်နိုင်ငံများအနက် ထိုင်းနိုင်ငံသည် ဒုတိယ ကုန်သွယ်မှုအများဆုံး နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများတွင် ကုန်သွယ်မှုအများဆုံးနိုင်ငံဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့၊ ကြက်သွန်နီ၊ ချုပ်ပြီးအထည်၊ ရာဘာစိမ်း၊ မတ်ပဲ၊ သတ္တုနှင့် သတ္တုရိုင်းများ၊ ပဲတီစိမ်းနှင့် နှမ်းတို့ကို တင်ပို့လျက်ရှိပြီး ပြောင်းနှင့်ထောပတ်သီးများကိုလည်း တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များကို ပေးပို့စေလိုကြောင်း၊ သီးနှံများ တင်ပို့သည့်အခါ အရည်အသွေး ပြည့်မီရန်အတွက် စက်ကိရိယာများအား နမူနာပို့ပေးစေလိုကြောင်း၊ ထိုင်းနိုင်ငံမှလည်း အဓိကသွင်းကုန်များအနေဖြင့် စက်နှင့်စက်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်း၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ စက္ကူအမျိုးမျိုး၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ချည်ထည်များ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများကို တင်သွင်းလျက်ရှိနေပြီး နယ်စပ်ကုန်သွယ်မှုတွင် လုံခြုံရေးဆိုင်ရာ အကန့်အသတ်များကြောင့် လိုင်စင်များကို သက်ဆိုင်ရာနိုင်ငံအလိုက် နယ်စပ်ဂိတ်ပေါက်များ ပြောင်းလဲတင်ပို့ခွင့်ပြုထားပြီဖြစ်ကြောင်း၊ ထို့အတူ ရန်ကုန်-ကော့သောင်း-ရနောင်း လမ်းကြောင်းအား ကမ်းရိုးတန်းသွားသင်္ဘောများဖြင့် ကွန်တိန်နာအသုံးပြုကာ နယ်စပ်ကုန်သွယ်မှုနည်းလမ်းအဖြစ် ဆောင်ရွက်လည်း ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပါကြောင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ထိုင်းနိုင်ငံဘက်မှ ကျောက်တာ့ခ်လှုပ်ရှားတပ်ဖွဲ့၊ ဗျူဟာမှူး ဗိုလ်မှူးကြီး နထီးထင်း(မ်)စိန် ဦးစီးသည့် အဖွဲ့ဝင်များနှင့် မြန်မာဘက်မှ အမှတ် (၁၃၃) ခြေလျင်တပ်ရင်းမှ ဒုဗိုလ်မှူးကြီး အောင်လင်းဦး ဦးစီးသည့် နှစ်နိုင်ငံကိုယ်စားလှယ် အဖွဲ့ဝင်များက နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်စီးဆင်းမှုချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ မြန်မာဘက်မှ ဖမ်းဆီးရမိသည့် အွန်လိုင်းလောင်းကစားလုပ်ငန်း ပြုလုပ်သူ ထိုင်းနိုင်ငံသား (၁၅၄) ဦးအား အရေးယူဆောင်ရွက်မှုများ၊ နှစ်နိုင်ငံမှ အလိုရှိနေသည့် နယ်စပ်ဖြတ်ကျော် တရားခံပြေးများအား ကူညီစုံစမ်း ဖမ်းဆီး/လွှဲပြောင်းပေးအပ်မှုများ၊ တောမီးရှို့ခြင်းနှင့် မီးခိုးမြူငွေ့ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများနှင့် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုများအား နှစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)