အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးစီစီက အမှာစကားပြောကြားခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကို အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးက အာဇာနည်နေ့အကြောင်းခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းက လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဝင်းနွယ်(ပုသိမ်)က အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ကြသည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းနှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်တို့က လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစီစီက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုများ ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)