ကျိုင်းတုံ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက ကျိုင်းတုံမြို့အထင်ကရ သာသနာ့ဗိမာန်တော်ကြီးပြုပြင်ရေး၊ မြို့တွင်းလမ်းများကောင်းမွန်ရေးနှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသအတွင်းစာကြည့်တိုက်များ တည်ဆောက်ရေးဆိုင်ရာ၊ အားကစားနှင့်ပညာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး၌ ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာလင်းထွဋ်ဦးနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြသည့် နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ ဆွေးနွေးရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ကျိုင်းတုံမြို့ နောင်တုံကန်အနီး အသစ်ပြန်လည်တည်ဆောက်ထားသည့် ကျိုင်းတုံဟော်နန်း ထိန်းသိမ်းမွမ်းမံရေးနှင့် ကျိုင်းတုံမြို့ အထင်ကရသာသနာ့ဗိမာန်တော်ကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်းရှိ ပြခန်းများတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ၁၃ ဖွဲ့၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ အသုံးအဆောင်ပစ္စည်းများ ထားရှိခင်းကျင်းပြသနိုင်ရေးနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးသည် ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြားသည်။ ဆက်လက်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးသည် ကျိုင်းတုံမြို့မအားကစားကွင်း၌ ကျင်းပလျက်ရှိသည့် ကျိုင်းတုံမြို့နယ် လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်များအဖွဲ့၊ လူငယ်ဌာန၏ နဝမအကြိမ် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ရောက်ရှိပြီး ပြိုင်ပွဲအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးကာ ဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)