နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံများကို ရွေးချယ်ခြင်း၊ ဒေသအလိုက်တည်ရှိသည့် မြေအမျိုးအစားအလိုက် သီးနှံပုံစံရွေးချယ်ခြင်း၊ ရေရရှိနိုင်သည့် နည်းလမ်းအလိုက် သီးနှံပုံစံရွေးချယ်ခြင်း၊ ရွေးချယ်ထားသည့် သီးနှံပုံစံအလိုက် မြေနေရာသတ်မှတ်ခြင်း၊ သတ်မှတ်ထားသည့် မြေနေရာအလိုက် သီးနှံရွေးချယ်ရန်နှင့်  စိုက်ချိန်၊ ရိတ်ချိန်များသတ်မှတ်ခြင်း၊ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံကုန်ကြမ်းများကို တစ်နှစ်ပတ်လုံးထွက်ရှိရေး တိုးချဲ့စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ သီးနှံပုံစံအလိုက် မြေနေရာသတ်မှတ်ခြင်းများ၊ ရေရရှိနိုင်သည့် နည်းလမ်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)