နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားတက်ရောက်

နေပြည်တော် ဇူလိုင် ၁၈

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေးတွင် သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင် မင်္ဂလာပြုလုပ်ရန်အတွက် သတ်မှတ်နေရာအသီးသီးတွင်နေရာယူပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာပန္နက်နေရာများတွင် ရတနာပန္နက်တော် ကိုးချက်စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်။

အဆိုပါ သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) တည်ဆောက်ရာတွင် စတုရန်းပေ ၇၃၂ ပေအကျယ် ရှိသောအိပ်ခန်းနှစ်ခန်းပါ ငါးထပ်အဆောက်အဦနှင့် စတုရန်းပေ ၁၀၉၂ ပေ အကျယ်ရှိသော အိပ်ခန်းသုံးခန်းပါ ငါးထပ်အဆောက်အဦများ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းကို အသုံးမပြုဘဲ အစေ့ချကိရိယာ၊ ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သွင်းအားစုများကို စနစ်တကျ ထည့်သွင်းနိုင်ရေး၊ စိုက်ပျိုးရေကို အလေအလွင့်မရှိစေရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် သဘာဝမြေဩဇာများပြုလုပ်ပြီး လက်တွေ့ကျကျ အကျိုးရှိစွာသုံးစွဲစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများအား သဘာဝမြေဩဇာများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ပေးအပ်သည်။

ထို့နောက် တက်ရာက်လာကြသည့် တောင်သူများက လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဖြေကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တောင်သူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်မှု သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ကွင်း၌ ပဲပုပ်သီးနှံများနှင့် ပဲတီစိမ်းသီနှံများ စိုက်ခင်းများကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံကာ စပါး၊ ဆီထွက်သီးနှံများနှင့် ဝါသီးနှံများနှင့် အခြားသီးနှံများ မျိုးကောင်းမျိုးသန့်၊ အထွက်နှုန်းကောင်းသည့် မျိုးများကို နေပြည်တော်အတွင်း လွှမ်းခြုံနိုင်စေရေးအတွက် ဖြန့်ဖြူးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးမှုအခြေအနေများ၊ မျိုးစေ့ထုတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန စိုက်ကွင်း၌ နွေစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား ကပ်လှူပူဇော်ရေးလုပ်ငန်းနှင့် ရွှေထီးတော်ကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ ကြည်ညိုဖွယ်ဖြစ်စေရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)