တပ်ကုန်း ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အလယ်တန်းနှင့် မူလတန်းအဆင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၅ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲတွင် အာဇာနည်နေ့နှင့်ပတ်သက်သည့် စိတ်ကြိုက်ခေါင်းစဉ်များဖြင့် စာစီစာကုံး၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဇူလိုင် ၁၈ ရက်နေ့တွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ပုံရိပ်မှတ်တမ်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်စိုးလွင်