ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ဟိုပုံး ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ကျောင်းသား ကျောင်းသူများ သိရှိစေရန်နှင့် အစဉ်အမြဲ အောက်မေ့သတိရနိုင်စေရန် ရည်ရွယ်၍ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဟိုပုံးမြို့ အခြေခံပညာကျောင်း (၁၆)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့အထိမ်းအမှတ် ဆောင်းပါးအား စာဖတ်စွမ်းရည်ယှဉ်ပြိုင်၍ ပုံပြင်ပြောပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်ရာပုံပြင်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ခင်းကျင်းပြသထားသည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက  ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)