သာကေတ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်း မြို့နယ်များရှိ ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်အတွက် တာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးအရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၏ ဦးဆောင်စီမံမှုဖြင့် သာကေတမြို့နယ် (၁၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို မိမိရပ်ကွက်အတွင်းရှိ ပြည်သူများအား လတ်တလောဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်ရေး အသိသတိရှိစေမည့်နည်းလမ်းများကို တာဝန်ရှိသူများက ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ Bleaching Powder လက်တွေ့ဖျော်စပ်နည်းအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လက်တွေ့သရုပ်ဖော်ပြသဆောင်ရွက်ခဲ့သည်။
ထို့နောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်များအတွင်း လိုအပ်လျှက်ရှိသည့် ရေသန့်(၂၀)လီတာဘူးများ၊ ပလပ်စတစ်ပုံးများ၊ ပလပ်စတစ်ခွက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းတို့မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအား ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)