ဒေါပုံ ဇူလိုင် ၁၇
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများရှိကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ ၁၉ ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြောင်း သိကောင်းစရာများကို မှတ်သားနိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီထွန်းက (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ခင်းကျင်းပြသရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် စွန့်လွှတ်အနစ်နာခံခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ထူးမြတ်သည့် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ရပုံများကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက အာဇာနည်နေ့အကြောင်း သိကောင်းစရာများအကြောင်းကို ဟောပြောခဲ့ပါသည်။ ထို့နောက် အာဇာနည်နေ့နှင့် ပတ်သက်သည့် နံရံကပ်စာစောင်များနှင့် စာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပါသည်။ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)