ဒဂုံတောင် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက်ဒေသန္တရဆေးခန်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက (၁၈) ရပ်ကွက်၊ မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ဆုံဆို့နာ၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ စသည့်ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးများနှင့် ရာသီအလိုက်ဖြစ်ပေါ်တတ်သော ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးရန်လာရောက်ကြသော ကလေးငယ်များနှင့်မိခင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးကြောင်းနှင့် ကလေးငယ်များအား ကိုယ်အပူချိန်တိုင်းပေးခြင်း ကိုယ်အလေးချိန်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။ ကျော်စွာမိုး (ပြန်/ဆက်)