ပုဇွန်တောင် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဇာခြည်လွင်က ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် သတိပေးလမ်းညွှန်ချက်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များ၊ လမ်းကူးရာတွင် သတ်မှတ်ထားသည့်လူကူးမျဉ်းကျားမှသာ စည်းကမ်းတကျကူးစေရေးနှင့် ခြေလျင်လျှောက်သူများနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များ စသည်တို့ကို ဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်