ပုဇွန်တောင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆု​ချီးမြှင့်ပွဲကျင်းပ

ပုဇွန်တောင် ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမတွင် မြို့နယ်အဆင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးကိုယ်စား အမှတ်(၄)အ​ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး​ ဒေါ်မို့မို့ခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးထက်အာကာက အာဇာနည်​နေ့ဖြစ်​ပေါ်လာပုံနှင့် အနာဂတ်လူငယ်များ မျိုးချစ်စိတ်အစဉ်ဖြစ်ထွန်း​စေရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်​ပုဂ္ဂိုလ်ကြီးများ၏ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အရိုးကြေကြေ အ​ရေခမ်းခမ်း​ ဆောင်ရွက်ခဲ့ပုံတို့ကို ဟော​ပြောခဲ့ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ​ကျောင်းသား မောင်သူရထွန်းက အာဇာနည်​နေ့တို့မ​မေ့​ခေါင်းစဉ်ဖြင့်လည်းကောင်း Grade-9 ကျောင်းသူ မဆုလဲ့နှင်းက အာဇာနည်နေ့အကြောင်း သိ​ကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း  ဟောပြောခဲ့ကြ​ကြောင်း သိရသည်။

ထို့နောက် (၇၇)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများကို​ ကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြ​​​ကြောင်း သိရသည်။

ဟန်စုယဉ်