ပုဇွန်တောင် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှုမရှိစေရေး၊ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာများ ရုံးလုံခြုံရေးများ ဆောင်ရွက်ခြင်း၊ ရုံးစာများ လုံခြုံစိတ်ချရေး၊ မြို့နယ်အဆင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ပေးရေးတို့အား လမ်းညွှန်မှုပြုခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အထူးသတိပြုကြရန်နှင့် ထူးခြားဖြစ်စဉ်ရှိပါက သက်ဆိုင်ရာအကြီးအကဲများနှင့် အချိန်မှီချိတ်ဆက်ကြရန် ညွှန်ကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းက ကုသရေးနှင့်အသိပညာပေးလုပ်ငန်းများ၊ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်မှုများနှင့် ရေသန့်ဆေးပြားအသုံးပြုနည်းကို ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာသူများအား Chlorination ဖျော်စပ်အသုံးပြုနည်းကို လက်တွေ့သရုပ်ပြသပေးခဲ့ကာ ရေသန့်ဆေးပြားများ၊ ဓာတ်ဆားများနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ် (ပြန်/ဆက်)