တာမွေမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်

တာမွေ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိစာသောက်ဆိုင်များ၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် တာမွေမြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၌ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ထားကြေညာခြင်းနှင့် အသိပညာ‌ပေးဟောပြောခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှစတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုများဖြစ်‌ပေါ်ခဲ့ပြီး ယနေ့အထိ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ(၂၁)ဦးအထိရှိရာ ပြန်လည်ကောင်းမွန်လာသူ(၁၄)ဦးရှိ၍ လက်ရှိဆေးကုသမှုခံယူနေသူ(၇)ဦးရှိကြောင်းနှင့် မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)