ကျောက်ဆည်ခရိုင်တွင် စာဖတ်ရှိန်မြင့်မားရေး ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိ

ကျောက်ဆည် ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုနိုင်စေရန်၊ ဗဟုသုတ ပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု ရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီက  ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ သွားရောက်ပြီး စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် စာအုပ်ဖတ်ရှုလိုသော်လည်း မိမိတို့ဌာနလုပ်ငန်းတာဝန်များဖြင့် မအားလပ်သောကြောင့် ငှားရမ်းပေးရခြင်းဖြစ်ကြောင်း၊ ငှားရမ်းပေးသည့် အခါတွင်လည်း သုရစာပေ၊ ရသစာပေမျိုးစုံ၊ လူကြီး၊ လူငယ်အရွယ်စုံ ဖတ်လို့ရသောစာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်းနှင့် စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် စာအုပ်စာပေများနှင့် ရင်းနှီးစေပြီး အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရန်အတွက် မိုဘိုင်းနယ်လှည့်စနစ်ဖြင့် အခမဲ့ ငှားရမ်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

စုစုအေး (ကျောက်ဆည်)