ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် Biometric ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ချမ်းမြသာစည်  ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီမှစ၍ သံလျှက်မော်တောင် ရပ်ကွက်၊ အမှတ် (၁၈) အ.ထ.ကတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်များ၊ ကျောင်းများအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင်  ဦးတည်အုပ်စု  အလိုက် အမည်စာရင်း ရယူထားသော ရပ်ကွက်နေ မိဘပြည်သူများနှင့် မိသားစုဝင်များ၊ ကျောင်းသား/သူများ၏ ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းကို ရပ်ကွက်များ၊ ကျောင်းများအလိုက်နေ့စဉ်သတ်မှတ်ရက်အတွင်း နေ့စဉ်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက် ကောက်ယူပြီးသူများ၏ Biographic Data ၊Biometric Data များကို Database  တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID  နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအ‌နေဖြင့် ပန်းခင်းစီမံချက်များဖြင့် ရပ်ကွက်များ၊ ကျောင်းများသို့ သွားရောက်၍ ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ချမ်းမြေ့