ကျောက်တံတား ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကော်မတီဝင် ၁၂ ဦးဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်တံတားမြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်စိန်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျသော ကိန်းဂဏန်းအချက်အလက်များဖြင့် စီမံကိန်းများရေးဆွဲချမှတ်မှသာ လုပ်ငန်းများထိရောက်အောင်မြင်နိုင်မည်ဖြစ်သဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများမှန်ကန်စွာရရှိအောင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းနှင့် မြို့နယ်ကော်မတီဝင်များကလည်း ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးအောင်သန်းလှိုင်က ကျောက်တံတားမြို့နယ်အတွင်း စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များအား စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းကာလ (၁၂) ရက်ဖြင့် မြို့နယ်အဆင့် သင်တန်းကို Tablet များအသုံးပြု၍ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များကလည်း သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အထိ ကျောက်တံတားမြို့နယ်ရှိ ရပ်ကွက်(၉)ရပ်ကွက်၌ စာရင်းစစ်(၆) ဦး၊ စာရင်းကောက် (၃၂)ဦး၊ စုစုပေါင်း (၃၈)ဦးဖြင့် ကောက်ကွက် (၇၀) ကွက်ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)