မြင်းခြံ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲအား ယနေ့ နံနက် (၉) နာရီ အချိန်က အ.ထ.က(၁) ကျောင်း ပုပ္ပါးဆောင်တွင် ပြုလုပ်ခဲ့သည်။
"ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံ၏အထိမ်းအမှတ်နေ့များကို သတိတရရှိစေရန် ပြည်ထောင်စုကြီး ထာဝရရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲ အောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတိုင်း၏ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့်ပြည်ထောင်စု စိတ်ဓာတ်များ ထာဝရစဉ် ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ ယခုလို စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်" ဟု မြို့နယ်ပညာရေးမှူး ဒေါ်သိန်းမေက ပြောသည်။
(၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တွင် "လေးမြတ်ဂုဏ်ရည် အာဇာနည်" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၆) ဦး၊ ဆောင်းပါး ပြိုင်ပွဲတွင် "အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်" ခေါင်းစဉ်ဖြင့် ကျောင်းသား (၄) ဦး၊ ကဗျာပြိုင်ပွဲတွင် "သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်" ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ (၆) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "မမေ့စဉ်လာ အာဇာနည်နေ့ အချိန်ခါ" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၀) ဦး၊ ကဗျာပြိုင်ပွဲတွင် "အာဇာနည်မြတ်မမေ့အပ်" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၈) ဦး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "တို့များမမေ့နိုင် ၁၉ ဇူလိုင်" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၉) ဦး အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဇူလိုင်လ (၁၉) ရက်နေ့တွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)