စဉ့်ကိုင် ဇူလိုင် ၁၇
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက် နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ.လ.က(ခွဲ) (တရုတ်စု)နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းအဖွဲ့တို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေများနှင့် ထိတွေ့ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များကို အောက်မေ့သတိရစေရန်၊ အသိပညာ ဗဟုသုတနှင့် ပြည့်စုံပြီး နိုင်ငံတော်အတွက် အနာဂတ်သာကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရေး၊ လူအများအလယ်တွင် ရဲဝင့်စွာ ပြောဆိုပြုမူတတ်စေရေး၊ နှုတ်မှုစွမ်းရည်များ တိုးပွားလာရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့သည်။
၎င်းနောက် အ.လ.က(ခွဲ)(တရုတ်စု)မှ မူလတန်းအဆင့် ကျောင်းသား/များက ကဗျာရွတ်ပြိုင်ပွဲတွင် "အာဇာနည်မြတ်မမေ့အပ်" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ဦးရေ (၁၃)ဦးဖြင့်လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၆)ဦးဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)