အလုံ ဇူလိုင် ၁၇
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်၊ စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ဆက်လက်၍ အလုံမြိုနယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးထင်ဇော်လတ်က အမှတ်ပေးစည်းမျဥ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပွဲကိုကျင်းပရာ ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၃) ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ ထို့နောက် ဆုရရှိသူ (၆) ဦးနှင့် ပြိုင်ပွဲဝင်များကို တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်းနှင့် ဆုလက်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် တက်ရောက်လာသူများသည် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပြီး အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)