အမရပူရ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန် ရည်ရွယ်၍ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက်(၉)နာရီက အမရပူရမြို့နယ်၊နတ်ရေကန်ကျေးရွာအနီးရှိ မန္တလာတက္ကသိုလ်တွင် တက္ကသိုလ်ဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာစေပြီး ဇီဝဆိုင်ရာ အချက်အလက် စိစစ်ကောက်ယူ၍ Database တွင် သိမ်းဆည်း၍ မတူညီ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ ကျေးရွာ၊ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ပေးသည့်အပြင် မိမိတို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံး၌လည်း နေ့စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)