တာမွေ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူ ကျောင်းသူလေးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား အသိဥာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယ၊ ဉာဏနှင့် တီထွင်ဖန်တီးမှု စွမ်းရည်များ တိုးတက်မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရေး၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုသိရှိပြီး မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများ၏ နှလုံးသားတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့မှုများကို မမေ့မလျော့ မှတ်မှတ်ရရရှိစေရန်နှင့် အာဇာနည်တစ်ဦးချင်းစီ၏ လေးစားအားကျ အတုယူစရာအချက်များကို သိရှိနားလည်ပြီး ၎င်းတို့ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အလေးထားတန်ဖိုးထားသည့်စိတ်၊ အမိနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပေါက်ဖွားရင့်သန်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)