မလှိုင် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့်၊ တိုင်းအဆင့် အောင်နိုင်ရေး နှင့်(ဗဟိုအဆင့်)ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ရေး ကြိုတင်စခန်းသွင်းလေ့ကျင့်ခြင်းကို ဇူလိုင်လ ဒုတိယ အပတ်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇေယျာအောင်သံ အစည်းအဝေးခန်းမ၌ လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မြို့နယ်အဆင့် ဆုရရှိသူများကို ခရိုင်အဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ရာ ပထမဆု (၇)ဆု ၊ ဒုတိယဆု(၆)ဆု ၊ ဂုဏ်ပြုဆု(၂)ဆု၊ စုစုပေါင်း (၁၅)ဆု ရရှိခဲ့ပြီး ခရိုင်အဆင့် ဆုရရှိသူများကို တိုင်းအဆင့်သို့ ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ရာ တိုင်းအဆင့်မှ ဗဟိုအဆင့်သို့ (၂)ဦး ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဗဟိုအဆင့်တွင် (၁၀-၁၅) မဟာဂီတ အဆိုတွင် ရွှေတံဆိပ်ဆု (၁)ဆုနှင့် ခေတ်ဟောင်းကာလပေါ် အဆိုတွင် ရွှေတံဆိပ်ဆု (၁)ဆု၊ စုစုပေါင်း ရွှေတံဆိပ်ဆု(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ယခုနှစ် (၂၅) ကြိမ်မြောက် အဆို ၊ အက ၊ အရေး၊ အတီးပြိုင်ပွဲတွင် အသက်အရွယ်အပိုင်း အခြားအလိုက် ကဏ္ဍတစ်ခုချင်းတွင် ယမန်နှစ်ကထက် အောင်မြင်မှုရရှိစေရန် အဆိုပညာရှင်များ ၊ အတီးပညာရှင်များဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့် ပေးလျက်ရှိကြောင်း၊ ကျောင်းသား/သူများ၊ ဝါသနာရှင်အဆင့်ပြိုင်ပွဲဝင်များ၊ အားလုံးကို ကြိုတင်လေ့ကျင့်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အနီးကပ်ကြီးကြပ်လမ်းညွှန်မှုပေးပြီး လိုအပ်သည် များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့မြို့နယ်မှာ (၂၄) ကြိမ်မြောက်တွင် ဗဟို၌ ရွှေတံဆိပ်ဆု (၂)ဆု ရရှိခဲ့သည့်အတွက် မြို့နယ်၏ဂုဏ်ကို ဆောင်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ယခင်နှစ်ကထက် ပိုမိုအောင်မြင်မှု ရရှိစေရန် ရည်ရွယ်၌ ကျောင်းသား/သူများကို စည်းဝါးကိုင်တာမှအစ တတ်သိနာလည်းစေရန် အတီးပညာရှင် ၊ အဆိုပညာရှင်များဖြင့် တွဲဖက်ပြီး ယခုလိုစခန်းသွင်းလေ့ကျင့်ပေးရခြင်းဖြစ်ကြောင်း၊ အသက်အရွယ် အပိုင်းအခြားအလိုက် အမျိုးသား၊ အမျိုးသမီး အကပြိုင်ပွဲ၊ အတီးပြိုင်ပွဲ၊ အဆိုပြိုင်ပွဲများဖြစ်သော မဟာဂီတနှင့် ခေတ်ဟောင်း/ ကာလပေါ် စသည့် ပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်နိုင်စေရန်လည်း ဆောင်ရွက်ထားရှိပါသည်ဟု” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြောကြားခဲ့သည်။
အောင်ဌေး(မလှိုင်)